Print

မိုးရာသီတွင် မသိမဖြစ် ဆံကေသာထိန်းသိမ်းနည်းများ

  24-Jul-2017
Preview Image


မိုးရာသီရောက်လာတဲ့အခါ မိုးရေ စိုရွှဲတဲ့နေ့ရက်တွေကို ကြုံရနိုင်သလို လေထုစိုထိုင်းဆ မြင့်မားတာနဲ့ ညစ်ပတ်တဲ့ မိုးရေတို့ကြောင့် ဆံပင်သားနဲ့ ဦးရေပြားကို ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိုက်နာသင့်တဲ့ ဆံကေသာထိန်းသိမ်းနည်းတွေကို အကြံပြုလိုက်ရပါတယ်။


ဆံပင်ကိုခြောက်သွေ့အောင်ထားပါ

ဆံပင်ကို ခြောက်သွေ့အောင်ထားပါ။ တစ်နေ့မှာ ပျမ်းမျှအားဖြင့် ဆံပင်အချောင်း ရေ ၅၀-၆၀ ခန့် ကျွတ်တတ်ပါတယ်။ မိုးရာသီအတောအတွင်း သတိမမူမိဘဲ ဆံပင်အချောင်းရေ ၂၀၀ နီးပါး ကျွတ်တတ်ပါ တယ်။ အကြောင်းကတော့ မိုးရေတွေ စိုရွဲရာက ဆံပင်သားဟာ ထိခိုက်ပျက်စီးကာ ကျွတ်လွယ်လို့ပါ။


ဆံပင်ပုံသွင်းသော ပစ္စည်းများကို လျှော့သုံးပါ

အထူးသဖြင့် မိုးရာသီမှာ ဒီလို ဆံပင်ပုံသွင်းတဲ့ ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။ ပြင်ပပတ်ဝန်းကျင်က အပိုစိုထိုင်းဆ မြင့်မားတာကြောင့် ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆံပင်သားကို အလွန်အမင်း စေးကပ်လွန်းတာနဲ့ အဆီပြန်လွန်းတာတို့ဖြစ်စေလို့ပါ။ ဒါ့အပြင် ဦးရေပြားကိုလည်း ထိခိုက်မှု ဖြစ်စေပြီး ဗောက်ထစေနိုင်ပါတယ်။


ခေါင်းလျှော်တိုင်းဦးရေပြားကို နှိပ်နယ်ပေးပါ

ဆံပင်ခြောက်သွေ့သူတွေဟာ တစ်ပတ်မှာ နှစ်ကြိမ်ထက်ပိုပြီး ခေါင်းမလျှော်သင့်သလိုအဆီပြန်တဲ့ ဆံပင်သားရှိသူတွေကတော့ တစ်ရက်ခြားတစ်ကြိမ် ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံကေသာကြီးထွားသန်စွမ်းတဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဦးရေပြားမှာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။


မိုးထိသွားလျှင်ချက်ချင်းခေါင်းလျှော်ပါ

မိုးရေစိုနေတဲ့အချိန်မှာ ဆံပင်သား မပျက်စီးစေဖို့ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်သားကြမ်းတမ်းပျက်စီးမှု ကင်းဝေစေဖို့ ကွန်ဒီရှင်နာ (Conditioner) လိမ်းပါ။ ခေါင်းလျှော်တာနဲ့ ကွန်ဒီရှင်နာလိမ်းပြီး ရေဆေးချတာတွေကို လုပ်ဆောင်ရာမှ ရေအေးကိုပဲ အသုံးပြုပါ။


ဆံပင်သားကို ပုံမှန်ကွန်ဒီရှင်နာသုံးပါ

လေထုစိုထိုင်းဆ မြင့်တတ်တာကြောင့် ဆံပင်သားကို ခြောက်သွေ့ကြမ်းတမ်းစေကာ ညစ်နွမ်းစေ ပါတယ်။ ဆံပင်သားကို ပုံမှန်ကွန်ဒီရှင်နာလိမ်းပေးတာကြောင့် ဆံကေသာ ပျော့ပျောင်းနူးည့ံလှပစေပါတယ်။


ပြုပြင်ထားသော ဆံပင်သားကို ပေါင်းတင်ပါ

ပေါင်းတင်နည်းကတော့ ငှက်ပျောသီးတစ်လုံးနဲ့ ပျားရည်အနည်းငယ်ကို ရောမွှေပြီး သံလွင်ဆီ အနည်းငယ်ထည့်ကာ ဆံပင်သားအနှံ့ သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ နာရီဝက်လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။ ဒီနည်းဟာ ဆံကေသာကို တောက်ပြောင်ချော့မွေ့စေတဲ့ နည်းဖြစ်သလို ဆံပင်သားကို သန်စွမ်းကျန်းမာစေပါတယ်။


• ရေများများသောက်ပါ။

• တစ်ပတ်အနည်းဆုံး တစ်ကြိမ် ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီစတဲ့ သဘာဝဆီလိမ်းပေးပါ။ 

• အနားကျယ်တဲ့ ဘီးနဲ့ ဖြီးပေးပါ။ တခြားသူတွေရဲ့ ဘီးကို အသုံးမပြုပါနဲ့။

• ဆံပင်သားစိုနေတုန်း ဆံပင်ကို မစည်းနှောင်ပါနဲ့။

• ဆံပင်လေမှုတ်စက်ကိုသုံးပြီး ဆံပင်ကို ခြောက်အောင် အပူမပေးပါနဲ့။

• ဆံပင်ရှည်ပြီး ထိန်းသိမ်းရခက်နေရင် ဆံပင်ကို ခပ်တိုတို ညှပ်ပေးပါ။


Credit:

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Arogyam Magazine



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18